အမျိုးသားပို့ကုန်မဟာဗျူဟာအစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃)၊ နေပြည်တော်၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ဝန်ကြီးဌာန(၃)၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံနှင့် ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာအစိုးရဌာနများနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များမှ တာဝန်ရှိသူ (၆၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ပြီးခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများ ကြီးမားကြောင်း၊ ရုံးများ၊ လူနေအိမ်အဆောက် အအုံများ၊ လမ်းများ၊ တံတားများပြိုကျခဲ့ရပြီး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရှိရကြောင်း၊ မေလကုန်တွင် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း၊ ငလျင်ဒဏ် ခံစားခဲ့ရသည့် နိုင်ငံတော်၏ စီးပွားရေးအတွက် အဓိကဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်လာနိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ယူပံ့ပိုးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ဆောင်ရွက်ရန်ရွေးချယ်ထားသော ကဏ္ဍများအလိုက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းနှင့်အတူ ကဏ္ဍများအတွင်းရှိ MSME လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးအတွက် ပံ့ပိုးပေးသွားရန် ဖြစ်ပါကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော်မှုကာလ ပြီးဆုံးတော့မည် ဖြစ်သည့်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးဒဏ် ကြုံတွေ့ရမှုများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ပို့ကုန်တိုးမြှင့်တင်ပို့ရေးကို ဆက်လက်မြှင့်တင်ဆောင်ရွက်ကြရန်နှင့် တွေ့ကြုံရသည့် အခက်အခဲများအပေါ် လိုအပ်သလို ပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အမျိုးသားပို့ကုန်မဟာဗျူဟာအစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက အမျိုးသားပို့ကုန်မဟာဗျူဟာအစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အကျဉ်းချုပ်ရှင်းလင်းတင်ပြပါသည်။
ထို့နောက် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကဏ္ဍအလိုက်ကော်မတီဥက္ကဌများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များကို ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) က ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့